Khin Ma Ma Myo
Saturday, May 12, 2012
ပညာရေးနှင့် ဆင်းရဲနွမ်းပါးမှုလျှော့ချရေး
Tuesday, April 10, 2012
မုန်တိုင်းအလွန်
(၂၀၀၃) ခုနှစ်တုန်းက လန်ဒန်မှာ ကျောင်းတဘက်နဲ့ အလုပ်တခုကို ကျွန်မ လုပ်ဖြစ်ခဲ့ပါတယ်။ ဒီတုန်းက နံနက်ပိုင်းနဲ့ နေ့လည်ပိုင်းဆိုရင် ကျောင်းသွားရတာကြောင့် အလုပ်လုပ်လို့ရတာက ညနေပိုင်းနဲ့ ကျောင်းပိတ်ရက် စနေ၊ တနင်္ဂနွေတွေမှာ ဖြစ်ပါတယ်။ ဒါကြောင့်လဲ ကျွန်မတို့ လန်ဒန်ရောက် မြန်မာကျောင်းသားတွေက ကျောင်းချိန်ပြင်ပမှာ ရနိုင်တဲ့ အလုပ်တွေကို ရှာဖွေ လုပ်ကိုင်ကြရပါတယ်။ ဒီလိုနဲ့ ကျွန်မလဲ နံနက်အစောပိုင်း သတင်းစာပို့၊ ကျောင်းပိတ်ရက်ကျတော့ လန်ဒန်က ဘောလုံးကစားပွဲတွေမှာ safety steward လုပ်ရင်းကနေ၊ အလုပ်ရှာဖွေရေး အေဂျင်စီတခုက အလုပ်တခုကို အင်တာဗျူးသွားခိုင်းပါတယ်။ ညနေပိုင်းအလုပ်အတွက်ပါ။ အလုပ်ချိန်က ညရှစ်နာရီကနေ ညဆယ့်နှစ်နာရီ အထိဖြစ်ပါတယ်။ အချိန်ပိုင်းအလုပ်ဆိုပေမယ့် လစာအတော်လေး ကောင်းတာကြောင့် ကျွန်မလဲ အင်တာဗျူး သွားဖြေရင်း အဲဒီအလုပ်ရခဲ့ပါတယ်။
အလုပ်နေရာက အရက်အလွန်အကျွံသောက်သုံးသူများနဲ့ အိမ်ခြေရာမဲ့များအား စောင့်ရှောက်ထားရာ အဆောင်မှာ ဖြစ်ပါတယ်။ ကျွန်မရဲ့အလုပ်က ပရောဂျက်လက်ထောက် ဖြစ်ပြီး၊ ရုံးခန်းထဲမှာ လက်ထောက်မန်နေဂျာတယောက်နဲ့ ကျွန်မလို ပရောဂျက်လက်ထောက် သုံးယောက်လောက် ရှိပါတယ်။ ရဲအဖွဲ့နဲ့ အခြား သက်ဆိုင်ရာလူမှုဝန်ထမ်းအဖွဲ့တွေက လူတွေ လာလွှဲပေးတဲ့အခါ ကျွန်မတို့ လက်ခံရပါတယ်။ အဆောင်နေသူတွေရဲ့ အ၀င်အထွက် လက်မှတ်ထိုးမှုတွေကို စောင့်ကြည့်ပေး ရပါတယ်။ သူတို့တွေရဲ့ အပတ်စဉ် လူမှုဝန်ထမ်း ထောက်ပံ့ကြေးတွေကို စာရင်းဇယားနဲ့ သီးခြားငွေသတ္တာလေးတွေမှာ ထိန်းသိမ်းထားပေးရပြီး၊ သူတို့ ပြင်ပထွက်တဲ့အခါ ထုတ်ပေးတာတွေ လုပ်ရပါတယ်။ အခြားသော အထွေထွေ လုပ်ငန်းဆောင်တာတွေလဲ ရှိပါသေးတယ်။ ဒီလို လုပ်ငန်းတာဝန်တွေကြားထဲမှာ ကျွန်မ မလုပ်ချင်ဆုံးတာဝန်တခုလဲ ရှိပါတယ်။ ဒါကတော့ ပြင်ပမှာ မူးယစ်ပြီး ရမ်းကားနေလို့ လုံခြုံရေးတွေနဲ့ ပြဿနာဖြစ်ပြီး၊ ရဲတွေက ပြန်လာပို့တာကို လက်ခံပေးရတဲ့ အလုပ်ပါပဲ။ ဒါပေမယ့် ဒီပြဿနာတွေကလဲ ခဏခဏ ဖြစ်လေ့ရှိပါတယ်။ ဒီပြဿနာတွေကို အဆောင်မှာရှိတဲ့ လူခြောက်ဆယ်ကျော်ထဲက ဖြစ်လေ့ဖြစ်ထရှိတယ်ဆိုပေမယ့် အစဉ်အမြဲ ပါဝင်နေသူတယောက်ကိုတော့ ကျွန်မ သတိထားမိသွားခဲ့ပါတယ်။ ပြီးတော့ တခါတရံ မူးယစ်နေချိန်မှာ သူက ကျွန်မ သိထားတဲ့ တော်လှန်ရေးတေးသွားတခုကို အော်ဟစ်ဆိုနေတတ်ပါသေးတယ်။
ဒီလိုနဲ့ တညနေတော့ သူလဲ အပြင်မထွက်၊ မသောက်ထားတဲ့နေ့မှာ ဧည့်ခန်းမှာခေါ်ပြီး သူ့ကို စကားပြောကြည့်ခဲ့ပါတယ်။ ဒီလူဟာ အသက်ငါးဆယ်ကျော်ဝန်းကျင်ပါပဲ။ အိုင်းရစ်အမျိုးသား တယောက်ပါ။ ကျွန်မအထင်အရဆိုရင် အိုင်းရစ်တော်လှန်ရေးသမားဟောင်း တယောက် ဖြစ်မယ်လို့ ယူဆမိတာကြောင့် ပွင့်ပွင့်လင်းလင်းပဲ မေးလိုက်မိပါတယ်။ သူကလဲ သူ့ဘ၀အကြောင်းတွေကို ကော်ဖီအတူသောက်ကြရင်း ပြန်ပြောပြခဲ့ပါတယ်။ တော်လှန်ရေးမှာ သူပါဝင်ခဲ့ပုံတွေ၊ တော်လှန်ရေး ရည်မှန်းချက်တွေ၊ ခံယူချက်တွေ၊ ကျဆုံးသွားတဲ့ သူ့ရဲဘော်ရဲဘက်တွေ၊ ရည်မှန်းချက်တွေ မပြီးမြောက်ပဲ တော်လှန်ရေးကြီး ပြီးဆုံးသွားပုံတွေ၊ သူ့ခံစားချက်တွေ၊ နိုင်ငံရေးလမ်းကြောင်းထဲ လျှောက်လှမ်းသွား သူတွေရဲ့ စိတ်ထားတွေ၊ အလုပ်တွေ စသည်ဖြင့် အစုံအလင်ပါပဲ။ သူ့စကားသံတွေထဲမှာ အားမလိုအားမရဖြစ်မှုတွေ၊ စိတ်ဓာတ်ကျမှုတွေ၊ ဒေါသတွေ ရောထွေးနေခဲ့ပါတယ်။
အိုင်းရစ်တော်လှန်ရေး အစပြုခဲ့ပုံတွေ၊ ဖြစ်ပေါ်ပြောင်းလဲမှုတွေနဲ့ ပြီးဆုံးခဲ့ပုံတွေကို လေ့လာထားမိတဲ့ ကျွန်မအတွက်ကလဲ သူ့ရဲ့ခံစားချက်တွေကို နားလည်နေခဲ့မိပါတယ်။ နိုင်ငံတကာ စစ်ပွဲတခုမှာ များသောအားဖြင့် အနိုင်အရှူံးဆိုတဲ့ အဆုံးသတ်အဖြေတခုရတတ်ပေမယ့်၊ ပြည်တွင်းစစ်တွေမှာကတော့ အစိုးရဘက်က အနိုင်ရတာ၊ တော်လှန်ရေးသမားတွေဘက်က အနိုင်ရတာတွေအပြင် negotiated settlement နဲ့ ပြီးဆုံးသွားတာတွေလဲ ရှိတတ်ပါတယ်။ Negotiated settlement မှာ ဘယ်သူမှ မနိုင်၊ ဘယ်သူမှ မရှုံးဘူးဆိုပေမယ့် တဘက်က သူလိုရာကို ရှစ်ဆယ်ရာခိုင်နှုန်းရသွားပြီး၊ အခြားတဘက်က နှစ်ဆယ်ရာခိုင်နှုန်းပဲ ရသွားခဲ့တာတွေလဲ ရှိတတ်ပါတယ်။
ဘယ်ဘက်ကမှ ရာနှုန်းပြည့်မရနိုင်သလို၊ ၅၀- ၅၀ ရာနှုန်း တ၀က်စီပဲလဲ ရချင်မှ ရပါတယ်။ ခေါင်းဆောင်တွေရဲ့ စွမ်းဆောင်ရည်တွေအပြင် အင်အားချိန်ခွင်လျှာ၊ အတွေးအခေါ်၊ ရှုမြင်သုံးသပ်ပုံ စတဲ့ အချက်တွေပေါ်မှာ မူတည်ပြီး၊ သူ့ဘက်က သာတယ်၊ ကိုယ့်ဘက်ကသာတယ်ဆိုတာတွေက ကွဲပြားနိုင်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် တော်လှန်ရေးသမားတွေအတွက် သေချာတာတခုကတော့ Negotiated settlement ကနေ ပေါ်ထွက်လာတဲ့ ရလဒ်တွေဟာ တော်လှန်ရေးသန္ဓေတည်စမှာ ဦးတည်ခဲ့တဲ့ ရည်မှန်းချက်တွေကို ဘယ်လိုမှ ပြည့်မှီနိုင်မှာ မဟုတ်ဘူး ဆိုတာပါပဲ။
အိုင်းရစ်တော်လှန်ရေးဟာ Negotiated Settlement နဲ့ ပြီးဆုံးသွားခဲ့တာ ဖြစ်တဲ့အတွက် တော်လှန်ရေးသမားဟောင်း တယောက်ဖြစ်တဲ့ သူ့ရင်ထဲမှာ ဘယ်လို ခံစားနေရတယ်ဆိုတာကို စာနာစိတ်နဲ့ နားလည်ပေးနိုင်ခဲ့ပါတယ်။ သူစိမ်းတယောက်အနေနဲ့ သူတပါးရဲ့ ကိုယ်ရေးကိုယ်တာ ဘ၀ရေးရာမှာ ၀င်ရောက်တိုက်တွန်းပြောဆိုခွင့် မရှိဘူး ဆိုပေမယ့်လဲ စကားလေးတခွန်းတော့ မသိမသာ ပြောမိလိုက်ပါတယ်။ ရည်မှန်းချက်တွေ ပြည့်မှီဖို့ တိုက်ပွဲဝင်ရင်း ကျဆုံးသွားတဲ့ သူ့ရဲဘော်တွေအတွက် ယူကြုံးမရဖြစ်နေတဲ့စိတ်ကို အရက်နဲ့ ဖြေဖျောက်မယ့်အစား ကျန်ရစ်သူ မျိုးဆက်တွေ၊ မိသားစုဝင်တွေရဲ့ ဘ၀တွေကို ကူညီဖြည့်ဆည်းပေးနိုင်သူ တယောက်ဖြစ်အောင် ကြိုးစားကြည့်ဖို့ပါ။ သူနားထောင် ခဲ့သလား၊ နားမထောင်ခဲ့ဖူးလားဆိုတာကို ကျွန်မလဲ မသိတော့ပါဘူး။ များမကြာခင် အချိန်ကာလတခုမှာ ကျွန်မလဲ စကော့တလန်ဘက်ကို ပြောင်းရွှေ့ အခြေချ နေထိုင်ဖြစ်ခဲ့တာကြောင့်ပါ။ ဘာပဲဖြစ်ဖြစ် တော်လှန်ရေးသမားဟောင်းတယောက်ကို အရက်သမား၊ အိမ်ခြေရာမဲ့တယောက်အဖြစ် တွေ့မြင်ခဲ့ ရတာကို ကျွန်မ စိတ်မကောင်းဖြစ်ခဲ့မိတာတော့ အမှန်ပါပဲ။
ဒီလိုနဲ့ စကော့တလန်မှာ ဘောဂဗေဒ မဟာဝိဇ္ဇာဘွဲ့တက်ဖြစ်တော့ အိုင်းရစ်အမျိုးသမီး ဆရာမတယောက်နဲ့ ထပ်မံတွေ့ဆုံရပြန်ပါတယ်။ သူမသင်ကြားတဲ့ ဘာသာက ကျွန်မစိတ်ဝင်စားတဲ့ ဘာသာရပ်ဖြစ်နေတာကြောင့် အပတ်တကုတ် ကြိုးစားလေ့လာတဲ့ ကျွန်မကို သူမ သတိထားမိ သွားခဲ့ရာက အတော်ပဲ ရင်းနှီးသွားခဲ့ရပါတယ်။ တိုက်ဆိုင်တယ်လို့ပဲ ဆိုရမလား မသိ။ သူမကလဲ အိုင်းရစ်တော်လှန်ရေးသမားတယောက်ရဲ့ မိသားစုဝင် ဖြစ်ခဲ့တာပါပဲ။ သူမရဲ့ အဖေကတော့ တော်လှန်ရေးမှာ အသက်ပေးသွားခဲ့သူတယောက်ပါ။ ဘယ်လိုပဲဖြစ်ဖြစ် သူမ စာကို ကြိုးစားသင်ယူ ခဲ့ပါတယ်။ Agricultural Economics, Rural Economics တွေကို အထူးပြုခဲ့ပြီး ဘောဂဗေဒ ဘာသာရပ်မှာ ပါရဂူဘွဲ့ ရရှိခဲ့ပါတယ်။
မြောက်ပိုင်းအိုင်ယာလန်မှာ Northern Ireland Assembly ပေါ်ပေါက်လာပြီးချိန်မှာ ဖွဲ့စည်းခဲ့တဲ့ Department of Agricultural and Rural Development မှာ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ ကိုယ့်နယ်၊ ကိုယ့်ဒေသဖွံ့ဖြိုးရေးသာမက အခြားနယ်မြေဒေသဖွံ့ဖြိုးရေး လုပ်ငန်းဆောင်တာတွေမှာပါ အကြံ ပေးနိုင်တဲ့ ပညာရှင်တယောက် ဖြစ်လာခဲ့ပါတယ်။ ခင်မင်ရင်းနှီးလာချိန်မှာ ကျဆုံးတော်လှန်ရေး သမားတယောက်ရဲ့ ဇနီးသည်ဖြစ်တဲ့ သူမရဲ့ မိခင် ဘာတွေ လုပ်နေခဲ့သလဲဆိုတာကိုလဲ ကျွန်မ မေးမြန်းဖြစ်ခဲ့ပါတယ်။ ပေါင်မုန့်ဖုတ်တဲ့ အလုပ်ကို လုပ်ပြီး၊ နောက်ပိုင်း ဆိုင်တွေ ဖွင့်လာနိုင်ချိန်မှာ အရင်တော်လှန်ရေးသမားဟောင်းတွေနဲ့ မိသားစုဝင်တွေကို အလုပ်ပြန်ခန့်ထားတယ်တဲ့။ ဒါတွေ ကြားရတော့ ကျွန်မရဲ့ စိတ်ထဲ တမျိုးလေးပဲ။ သူတို့တတွေရဲ့ ရဲဘော်ရဲဘက်စိတ်၊ မိသားစုဝင်စိတ်လေးတွေကို လေးစားမိသလို၊ ၀မ်းသာကျေနပ်မိသလို ဖြစ်ခဲ့မိပါတယ်။
နောက်ပိုင်းမှာ ရည်ရွယ်ထားခြင်းမရှိပဲ စစ်ရေးနဲ့ ပဋိပက္ခရေးရာ လေ့လာသူတယောက်ဘ၀ကို ကျွန်မ ရောက်သွားခဲ့ပါတယ်။ ဘောဂဗေဒ မဟာဝိဇ္ဇာဘွဲ့မှာ စာတမ်းရေးတော့ မြန်မာနိုင်ငံရဲ့ ပြည်တွင်းစစ်တွေနဲ့ စစ်အသုံးစရိတ်ကြီးမားမှုတွေကနေ စီးပွားရေးတိုးတက်မှုအပေါ် သက်ရောက်မှု တွေကို သတိပြုမိနေတဲ့ ကျွန်မက Defence Economics ကဏ္ဍကို ရွေးချယ်ပြီး သုတေသန စာတမ်းတစောင် ပြုစုဖြစ်ခဲ့ပါတယ်။ ဒီစာတမ်းကို ဘောဂဗေဒ ဌာနက ပရော်ဖက်ဆာအပြင် external examiners အဖြစ် အခြားတက္ကသိုလ်တခုရဲ့ စစ်ရေးလေ့လာရေးဌာနက ပရော်ဖက်ဆာတယောက်နဲ့ မဟာဗျူဟာလေ့လာရေးဌာနက Reader တယောက် စစ်ဆေးပါတယ်။ အဲဒီမှာ Grade A ရပြီး၊ မဟာဗျူဟာလေ့လာရေးဌာနက Reader က သူ့ရဲ့ ပဋိပက္ခလေ့လာရေးနှင့် လုံခြုံရေး ပရိုဂရမ်မှာ ခေါ်ထားလိုက်တဲ့အတွက် ကျွန်မမှာလဲ မရည်ရွယ်ပဲနဲ့ စစ်ရေးလေ့လာသူ တယောက်အဖြစ် အမှုထမ်းရင်း စစ်မဟာဗျူဟာလေ့လာရေး မဟာသိပ္ပံဘွဲ့ကိုပါ သင်ယူ လေ့လာဖြစ်သွားပါတော့တယ်။
တိုက်တိုက်ဆိုင်ဆိုင်ပဲ ဆိုရမလား မသိ။ ဒီ field ထဲ ရောက်သွားပြီးချိန်မှာ မြောက်ပိုင်းအိုင်ယာလန် အရေးတုန်းက ဗြိတိသျှစစ်တပ်မှာ တာဝန်ယူခဲ့တဲ့ ဗိုလ်ချုပ်တယောက်နဲ့ ကွန်ဖရင့်တခုမှာ တွေ့ဆုံခဲ့ရပြန်ပါတယ်။ ကျွန်မတို့ စကားတွေ အများကြီး ပြောဖြစ်ခဲ့ကြပါတယ်။ ပဋိပက္ခမှာ ပါဝင်ခဲ့သူတွေအတွက် ပြန်လည်ထူထောင်ရေး မူဝါဒတွေအကြောင်းလဲ ဆွေးနွေးဖြစ်ခဲ့ကြပါတယ်။ လန်ဒန်က တော်လှန်ရေးသမားဟောင်းတယောက်အကြောင်း ပြောပြတော့ သူက စိတ်မကောင်းကြောင်း ပြောပါတယ်။ ပြီးတော့ တော်လှန်ရေးသမားတွေတင်မဟုတ်ပဲ၊ စစ်သားတွေမှာလဲ ရလဒ်တွေအပေါ် မကျေနပ်သူတွေ ရှိခဲ့ကြောင်း ပြောပြပါတယ်။ တဘက်နဲ့တဘက် ရန်သူလို တိုက်ခဲ့ကြသူတွေအကြားမှာ၊ ကိုယ့်ရန်သူနဲ့ ကိုယ့်ခေါင်းဆောင်တွေ လက်ဆွဲနှုတ်ဆက်နေကြတာကို တွေ့မြင်ရတော့ နိုင်ငံရေးအရ၊ စစ်ရေးအရ အမြော်အမြင်နဲ့ ၀မ်းသာပေးမှုတွေလဲ ရှိနိုင်သလို၊ တချိန်က အသက်ပေး၊ ဘ၀စတေးပြီး တိုက်ခိုက်ခဲ့ရတာ အလကားပါလား၊ ဘာမှလဲ မဟုတ်ပါလားလို့ ခံစားစိတ်ဓာတ်ကျမှုတွေလဲ ရှိနိုင်ကြောင်း ပြောဆို သုံးသပ်မိခဲ့ကြပါတယ်။ ပဋိပက္ခတွေထဲမှာ ဘက်နှစ်ဘက်ကနေ ပါဝင်ခဲ့သူတွေအတွက် ရုပ်ပိုင်းဆိုင်ရာ ပြန်လည်ထူထောင်ရေး အပြင် စိတ်ပိုင်းဆိုင်ရာ ပြန်လည်ထူထောင်ရေးတွေကိုလဲ လုပ်ဖို့ လိုမယ်ထင်ကြောင်း ကောက်ချက်ချမိတော့ အိုင်ယာလန် မြောက်ပိုင်းမှာ ယနေ့ချိန်ကာလအထိ ရင်ကြားစေ့ရေး၊ သင့်မြတ်ရေး လုပ်ငန်းစဉ်တွေကို ငါးနှစ်တာ စီမံကိန်းအဆင့်ဆင့်ချပြီး လုပ်ဆောင်နေရကြောင်း ပြောပြခဲ့ပါတယ်။
ဒီလိုနဲ့ပဲ များမကြာမီ ကာလတခုတုန်းက စစ်ဦးစီးတက္ကသိုလ်၊ ကာကွယ်ရေးပညာဌာနက သုတေသနစင်တာတခုမှာ တွဲဖက်အဖွဲ့ဝင်အဖြစ် တာဝန်တွဲယူရတာကြောင့် ဌာနဆိုင်ရာ အစည်းအဝေး တခုကို သွားတက်ဖြစ်ခဲ့ပါတယ်။ အဲဒီမှာ အိုင်ယာလန်မြောက်ပိုင်းနဲ့ ဆက်စပ်ခဲ့သူ တယောက်ကို ထပ်မံဆုံတွေ့ရပြန်ပါတယ်။ သူကတော့ အိုင်ယာလန်မြောက်ပိုင်းမှာ အရာရှိငယ်လေး အဖြစ်နဲ့ တာဝန်ကျခဲ့ဖူးသူ တယောက်ပါ။ နောက်ပိုင်းမှာ အရပ်ဘက်ပြောင်းရွှေ့ တာဝန်ထမ်းဆောင်ပြီး၊ လုပ်သက်ပြည့်ပင်စင် ယူပြီးတော့မှ စစ်ရေးပါရဂူဘွဲ့ ပြန်လည်တက်ရောက်နေပါတယ်။ Post- Conflict Reconstruction နဲ့ စစ်တပ်ရဲ့ အခန်းကဏ္ဍကို လေ့လာနေသူတယောက်ဖြစ်တဲ့အတွက် ကျွန်မ မသိသေးတဲ့ အချို့အကြောင်းအရာတွေကို သူက အသေးစိတ် ပြောပြခဲ့ပါတယ်။ သဘောတရားတချို့နဲ့ အိုင်ယာလန်မြောက်ပိုင်းမှာ ကြုံတွေ့ခဲ့တဲ့ လက်တွေ့ စိန်ခေါ်မှုတွေကို တွဲစပ်ပြီး ဆွေးနွေးပြောပြပေးသွားတာကြောင့် ပဋိပက္ခပြီးဆုံးချိန်ကာလ မြင်ကွင်းကျယ်ကိုပါ တွေ့မြင်ခွင့် ရလိုက်ပါတယ်။
သူနဲ့ ပြောပြီးချိန်မှာ လူအများပြောလေ့ရှိတဲ့ စကားလေးတခုကို သတိသွားရမိပါတယ်။ မုန်တိုင်းပြီးရင် လေပြည်လာတယ် ဆိုတဲ့ စကားလေးကိုပါ။ သို့ပေမယ့် မုန်တိုင်းအလွန်မှာ တိုက်ခတ်နေတဲ့ လေပြည်လေညင်းလေးတွေအကြားမှာပဲ မျက်ရည်စက်တွေ၊ သောကတွေ၊ ပျက်စီးဆုံးရှုံးမှုတွေ၊ ထိခိုက်နာကျင်မှုတွေ၊ ၀မ်းနည်းကြေကွဲမှုတွေကလဲ အများအပြား ရှိနေတတ်ပါတယ်။ မုန်တိုင်းကြောင့် အသက်ဆုံးရှုံးခဲ့သူတွေ၊ ဘ၀ပျက်သွားခဲ့သူတွေ၊ စည်းစိမ်ဥစ္စာ ဆုံးရှုံးသွားသူတွေ၊ အိုးအိမ်မဲ့သွားသူတွေ အများအပြားပါ။ ဒီအတွက် ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ပြန်လည်တည်ဆောက်မှုတွေကို နှစ်ပေါင်းများစွာ လုပ်ဆောင်ကြရပါတယ်။
ပဋိပက္ခတွေ၊ စစ်ပွဲတွေဆိုတာကလဲ ဒီအတိုင်းပါပဲ။ အပစ်အခတ်ရပ်စဲရေး စာချုပ်တွေ၊ ငြိမ်းချမ်းရေးစာချုပ်တွေ၊ ရွေးကောက်ပွဲကျင်းပပြီး အာဏာခွဲဝေမှုတွေနဲ့ ပဋိပက္ခတွေ၊ စစ်ပွဲတွေကို အဆုံးသတ်နိုင်ပါတယ်။ သို့ပေမယ့် ပဋိပက္ခနဲ့ စစ်ပွဲတွေရဲ့ ရိုက်ခတ်ဖျက်ဆီးခဲ့မှုတွေကတော့ လူ့အဖွဲ့အစည်းတွင်းမှာ ကျန်ရစ်ခဲ့ပါတယ်။ ဒါကြောင့် ပဋိပက္ခနဲ့ စစ်ပွဲ အလွန်ကာလတွေမှာ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ပြန်လည်ထူထောင်ရေး၊ တည်ဆောက်ရေးလုပ်ငန်းတွေကို မိမိတို့ ကိုယ်တိုင် ဘ၀ရည်မှန်းချက်သစ်များ၊ လုပ်ငန်းစဉ်သစ်များကို ပြန်လည် ရွေးချယ်ချမှတ်ခြင်းဖြင့် ဖြစ်စေ၊ ရဲဘော်ရဲဘက်များအချင်းချင်း ဖေးမကူညီလက်တွဲဆောင်ရွက်ခြင်းဖြင့် ဖြစ်စေ၊ နိုင်ငံတော်အဆင့် အနေဖြင့် မူဝါဒများ ချမှတ်ခြင်းဖြင့်ဖြစ်စေ၊ နိုင်ငံတကာအဖွဲ့အစည်းများရဲ့ ကူညီမှုများဖြင့် ဖြစ်စေ လုပ်ဆောင်ဖို့ လိုအပ်လှပါကြောင်း ရေးသားတင်ပြအပ်ပါတယ်။
မုန်တိုင်းအလွန်မှာ ကြွေလွင့်ပျက်စီးမှုများ လျော့နည်းစေရန် ရည်သန်လျက်။
ခင်မမမျိုး (၃၁၊ ၃၊ ၂၀၁၂)
Philadelphia စမ်းသပ်ချက် (ဘာသာပြန်ဝတ္ထု) (အပိုင်း - ၈)
Philadelphia စမ်းသပ်ချက် (ဘာသာပြန်ဝတ္ထု) (အပိုင်း - ၈)
အခန်း (၈)
နောက်ပိုင်းမှာတော့ Philadelphia စမ်းသပ်ချက်ရဲ့ အမှန်တရားတွေကို ရှာဖွေဖော်ထုတ်ဖို့ ကျွန်မရဲ့ အာရုံတွေကို နှစ်မြှုပ်ထားလိုက်ပါတယ်။ ဒါကို နည်းလမ်းစုံနဲ့ သုတေသနပြုလေ့လာဖို့အတွက် နှစ်အနည်းငယ်ကြာ အချိန်ပေးခဲ့ရပါတယ်။
ကနဦးအစတုန်းကတော့ အထက်တန်းကျောင်းက ပရောဂျက်သင်ခန်းစာအနေနဲ့ စတင်ခဲ့ပေမယ့် နောက်ပိုင်းမှာတော့ အိုင်းစတိုင်းရဲ့ Unified Field Theory ဟာ ဖြစ်နိုင်ချေရှိတယ်ဆိုတာ သက်သေပြဖို့ ကျွန်မ ဆက်ကြိုးစားခဲ့ပါတယ်။
အသက် (၁၆) နှစ်မှာပဲ ကောလိပ်တခုကို ကျွန်မ တက်ခွင့်ရခဲ့ပါတယ်။ အဲဒီကောလိပ်မှာ ကျွန်မက အသက် အငယ်ဆုံးပါပဲ။ အထက်တန်းမပြီးသေးပဲ ကောလိပ်ဝင်ခွင့်စာမေးပွဲကို ကျွန်မသွားဖြေခဲ့ တာကြောင့်ပါ။ တခြားအထက်တန်းပြီးသူတွေက ၀င်ခွင့်စာမေးပွဲမှာ ခြောက်ဆယ်ရာခိုင်နှုန်းရဖို့ အသည်းအသန် ကြိုးစားနေကြရချိန်မှာ ကျွန်မကတော့ ၁၀၀ ရာခိုင်နှုန်းနဲ့ အောင်မြင်ခဲ့ပါတယ်။
ဒါပေမယ့် ကောလိပ်မှာ သင်တဲ့ သင်ခန်းစာတွေကလဲ ကျွန်မသိပြီးသားတွေချည်း ဖြစ်နေပြန်ပါတယ်။ ကောလိပ်ကျောင်းမှာ ကျွန်မကို သင်စရာ သင်ရိုးဘာမှ မကျန်တော့ပါဘူး။ ဒါကြောင့် ကျွန်မရဲ့ သုတေသနကို အာရုံစိုက်ဖို့အတွက် ကောလိပ်ကျောင်းကိုလဲ ကျွန်မ ဆက်မတက်တော့ပါဘူး။
သင်္ချာပညာရပ်ဆိုင်ရာ တွက်ချက်မှုတွေနဲ့ ပတ်သက်ရင်တော့ အဖိုးက အကူအညီပေးပါတယ်။ ဒါပေမယ့် တခြား လုပ်ငန်းဆောင်တာတွေမှာတော့ သူပါဝင်ပတ်သက်ခြင်း မရှိပါဘူး။ ရေတပ်ရဲ့ သုတေသနဖိုင်တွေကို hacking လုပ်ပြီး ကျွန်မ ၀င်မွှေကြည့်ပါတယ်။
anti-gravity နဲ့ပတ်သက်တဲ့ သတင်းအချက်အလက်တွေကို ထိပ်တန်းလျှို့ဝှက်ချက်အဖြစ် ယနေ့ချိန်ထိ သတ်မှတ်ထားဆဲဆိုတာ ထင်ရှားပါတယ်။ သတင်းအချက်အလက်တွေကို 'Classified' codes တွေနဲ့ ထိန်းသိမ်းထားပါတယ်။
ဒါပေမယ့် ဒီကုတ်တွေက ကျွန်မအတွက်တော့ ကစားစရာဖြစ်နေပါတယ်။ hacking နဲ့ ပတ်သက်ပြီး ကျွမ်းကျင်လာလေလေ၊ ကျွန်မ မဖောက်နိုင်တဲ့ ကုတ်ဆိုတာက ရှားလာလေလေပါပဲ။
ဒီလိုနဲ့ တနေ့မှာတော့ ရေတပ်ရဲ့ နောက်ဆုံးပေါ် သုတေသနတွေကို ကျွန်မ hack လုပ်ကြည့်ပါတယ်။
သိပ်ပြီး အံ့သြဖွယ်ကောင်းတာက တစုံတယောက်ဟာလဲ ကျွန်မလုပ်တဲ့ သုတေသနနဲ့ အလားသဏ္ဍာန်တူ သုတေသနကို လုပ်နေတယ် ဆိုတာပါပဲ။ တစုံတယောက်ဟာ Philadelphia Experiment ကို လေ့လာနေပါတယ်။
ဒီလေ့လာမှုအတွက် နောက်ကွယ်မှာ သန်းနဲ့ချီတဲ့ အစိုးရအသုံးစရိတ်တွေက ပံ့ပိုးပေးထားပါတယ်။ ဒီလို စမ်းသပ်ချက်မျိုးနောက်တခု ထပ်မံလုပ်ဖို့အတွက် ဘတ်ဂျက်တွေကလဲ အဆင်သင့်ရှိနေပါတယ်။
ကျွန်မရဲ့ စိတ်ထဲမှာ သုတေသန ပြိုင်ဘက်တယောက် ပေါ်လာသလို ခံစားရတာကြောင့် ဖိုင်တွေကို ကျွန်မ လောဘတကြီးနဲ့ လိုက်ဖတ်မိပါတယ်။ အဲဒီမှာတင် ကျွန်မတွေ့လိုက်ရတာက လေ့လာမှု တချို့မှာ အမှားတွေ ရှိနေတယ် ဆိုတာပါပဲ။
ကျွန်မရဲ့ သင်္ချာဦးနှောက်က ဘာတွေမှားနေတယ်၊ ဒီလိုတွက်ချက်မှုတွေကနေ ဘယ်လို dead-end street ကို ရောက်သွားနိုင်တယ်ဆိုတာတွေကို သိနေပါတယ်။ ဒီလောက် ပံ့ပိုးမှုတွေ၊ အရင်းအမြစ်တွေ အများကြီး သုံးပြီးမှ အမှားတွေနဲ့ အဆုံးသတ်မှာကို ကြိုသိနေရတာက ကျွန်မအတွက် စိတ်အနှောင့်အယှက်ဖြစ်စေပါတယ်။
ဒါကြောင့် သူတို့ရဲ့ ဖိုင်တွေကို ကျွန်မ hack လုပ်ပြီး ၀င်သွားလိုက်ပါတယ်။ ဘာတွေ မှားနေလဲဆိုတာ ၀င်ပြောလိုက်ပါတယ်။ ကျွန်မက စိတ်ခံစားမှုနဲ့ အလောတကြီး လုပ်လိုက်မိတာဖြစ်ပါတယ်။ တကယ်တမ်း ကျတော့ ကျွန်မ ဒီလို risk မျိုးကို မယူသင့်ပါဘူး။ ပြီးတော့ Philadelphia စမ်းသပ်ချက်နဲ့ ပတ်သက်တဲ့ ပြဿနာတွေရဲ့ အဖြေကို ဖြေရှင်းနိုင်သူက ကျွန်မကိုယ်တိုင်ပဲ ဖြစ်ချင်တာပါ။
ဒါပေမယ့် နောက်ကျသွားပါတယ်။ ဒီလိုလုပ်လိုက်ခြင်းအားဖြင့် ရေတပ်ရဲ့ သုတေသန ကွန်ယက်ထဲမှာ တစုံတယောက် ၀င်ရောက်နေပြီဆိုတာ သူတို့ကို alert လုပ်လိုက်သလို ဖြစ်သွားပါတယ်။ အနှေးနဲ့ အမြန် ဆိုသလိုပဲ တစုံတရာက ဖြစ်ပွားလာတော့မယ်ဆိုတာ ကျွန်မကြိုသိနေခဲ့ပါပြီ။
အဖိုးရဲ့ အဆိုးဝါးဆုံး အိပ်မက်တွေ မှန်ကန်လာပါတော့တယ်။
သူတို့တွေ ကျွန်မဆီ ရောက်လာခဲ့ပါတယ်။
(ဆက်လက်ဖော်ပြပါမည်)
ရေးသားသူ- Terry Deary
စာအုပ်အမည်- The Philadelphia Experiment
စာအုပ်ထုတ်ဝေသည့်နှစ်- (၁၉၉၆) ခုနှစ်
စာအုပ်အမျိုးအစား- လူငယ်စာပေ
ဘာသာပြန်သူ – ခင်မမမျိုး (၀၉၊ ၀၄၊ ၂၀၁၂)
Philadelphia စမ်းသပ်ချက် (ဘာသာပြန်ဝတ္ထု) (အပိုင်း -၇)
Philadelphia စမ်းသပ်ချက် (ဘာသာပြန်ဝတ္ထု) (အပိုင်း -၇)
အခန်း (၇)
အမေရိကန်ပြည်ထောင်စုတလွှားကို သွားရောက်ရင်း UFOs နဲ့ ပတ်သက်တဲ့ ဟောပြောပွဲတွေ ပြုလုပ်နေတဲ့ ဒေါက်တာ Jessup ဆီကို အလွှာပေါင်းစုံက လူတွေရဲ့ စာတွေ ရောက်ရှိခဲ့ပါတယ်။ တချို့လူတွေက သူ့လို သိပ္ပံပညာရှင်တွေ ဖြစ်ပြီး၊ ကျန်သူတွေကတော့ ဒီဘာသာရပ်နဲ့ ပတ်သက်ပြီး စိတ်ဝင်စားသူတွေ ဖြစ်ပါတယ်။ တချို့လူတွေကတော့ နံရံလေးဘက် ကာရံထားတဲ့ အကျဉ်းစခန်းတွေဆီက ရေးသားထားပုံပေါ်ပါတယ်။
ဒီလိုနဲ့ တနေ့မှာတော့ အရောင်မျိုးစုံနဲ့ ရေးထားတဲ့ စာတစောင်ကို ဒေါက်တာ Jessup လက်ခံရရှိခဲ့ပါတယ်။ စာရေးသူဟာ ဘောပင်ကို ကိုင်ဖို့ တစုံတရာ အခက်အခဲ ရှိနေခဲ့ဟန် တူပါတယ်။
ဒီစာကြောင့် ဒေါက်တာ Jessup ဟာ (၁၉၄၃) ခုနှစ်တုန်းက အရှေ့ဘက်ကမ်းရိုးတန်းမှာ ဖြစ်ပွားခဲ့တာနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို ပထမဦးဆုံး အာရုံစိုက်ခဲ့မိဟန် တူပါတယ်။
လက်နှိပ်စက်နဲ့ ပြန်ရိုက်ထားတဲ့ စာရဲ့ မိတ္တူကို အဖိုးရဲ့ ဖိုင်တွေထဲမှာ ကျွန်မဖတ်လိုက်ရပါတယ်။
လက်နှိပ်စက်နဲ့ စာကို ဖတ်ရတာ မင်ရောင်စုံနဲ့ ရေးထားတဲ့ စာကို ဖတ်ရတာလောက်တော့ အနှစ်သာရ ရှိလိမ့်မယ် မထင်ပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် Carlos Allende ရဲ့ စာကို ဖတ်ရရုံနဲ့တင် ဒေါက်တာ Jessup ဘယ်လို စဉ်းစားပြုမူနေခဲ့မယ်ဆိုတာကို ကျွန်မ မြင်ယောင်ကြည့်နေမိပါတယ်။ စာကို အထူးဂရုစိုက်ပြီး ကျွန်မ ဖတ်ခဲ့ပါတယ်။
ဇန်န၀ါရီလ (၁၃) ရက်၊ (၁၉၅၆) ခုနှစ်။
ဒေါက်တာ Jessup ခင်ဗျား။
ဒေါက်တာရဲ့ စာအုပ်ကို ကျွန်တော်ဖတ်ပြီးပါပြီ။ ဒေါက်တာဟောပြောပွဲတွေ လုပ်နေတယ်လို့လဲ ကျွန်တော်ကြားသိရပါတယ်။ ဒေါက်တာက အမေရိကန်ပြည်ထောင်စုဟာ ကြယ်တာရာတွေဆီကို ရော့ကက်ခရီးတွေသွားပြီး ပိုက်ဆံတွေ ဖြုန်းနေမယ့်အစား အိုင်းစတိုင်းရဲ့ Unified Field Theory ကို လေ့လာပြီး၊ anti-gravity စက်ကိရိယာတွေကို တီထွင်သင့်တယ်လို့ ဆိုခဲ့ကြောင်း ပြန်ပြီးကြားရပါတယ်။ အင်မတန်လေးလံတဲ့ အရာဝတ္ထုတွေကို လေထဲကို မတင်နိုင်တဲ့ အားတွေ ရှိတယ်ဆိုတာနဲ့ Incas တွေဟာ လွန်ခဲ့တဲ့ နှစ်ထောင်ပေါင်းများစွာကတည်းက ဒီလိုအားတွေကို အသုံးပြုခဲ့တယ်လို့ ဒေါက်တာယုံကြည်ထားကြောင်းကိုလဲ သိရပါတယ်။
ကျွန်တော်ပြောပါမယ် ဒေါက်တာ။
ဒေါက်တာရဲ့ တွေးခေါ်ယူဆချက်တွေအားလုံးမှန်ပါတယ်။ ဒါတွေကို ကျွန်တော့် မျက်လုံးတွေနဲ့ သေချာတွေ့မြင်ခဲ့ဖူးပါတယ်။
ကျွန်တော်တို့ သိထားခဲ့တာက အိုင်းစတိုင်းဟာ သူ့ရဲ့ သီအိုရီကို ပြီးအောင် မဖော်ထုတ်နိုင်ခဲ့ဖူး ဆိုပြီးတော့ပါ။ ဒါက မမှန်ပါဘူး။ သူပြီးအောင် ဖော်ထုတ်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် သူတွေ့ရှိလိုက်ရတာတွေက လူသားတွေအတွက် အင်မတန် ထိတ်လန့်ဖို့ ကောင်းတဲ့ အကြောင်းအရာတွေပါ။ ဒါကြောင့် သူက ဒီသီအိုရီနဲ့ ပတ်သက်ပြီး ဘာစာမှ ဆက်မရေးခဲ့တာပါ။ ရေတပ်ကလဲ ဒီသီအိုရီကို လက်တွေ့အသုံးချလာကြမှာကို စိုးရိမ်ကြောက်လန့်နေပါတယ်။ ဘာကြောင့်လဲ။ အဖြေကတော့ သူတို့တွေ စမ်းသပ်ခဲ့ဖူးလို့ပါပဲ။ ထွက်ပေါ်လာတဲ့ ရလဒ်တွေက ဘေးအန္တရာယ် အလွန်ကြီးလွန်းလှတာကြောင့်ပါ။
အဲဒီရလဒ်က ဘာလဲဆိုတော့ စစ်သင်္ဘောကြီးတစင်းနဲ့ ရေတပ်သားတွေ ပျောက်ကွယ်သွားမှုပါပဲ။
ဒီစမ်းသပ်ချက်ကို (၁၉၄၃) ခုနှစ်၊ အောက်တိုဘာလမှာ ပြုလုပ်ခဲ့ပါတယ်။ မီတာတရာ ပတ်လည်ရှိတဲ့ force field နဲ့ စစ်သင်္ဘောကြီးကို ခြံရံထားခဲ့ပါတယ်။ force field ထဲရောက်နေသူတွေဟာ သင်္ဘောပေါ်က လူတွေကို မြင်ရပေမယ့် သင်္ဘောကြီးကိုတော့ မမြင်ရပါတယ်။ လူတွေဟာ ဘာမှမရှိတဲ့ လေဟာနယ်ထဲမှာ လမ်းလျှောက်နေကြပါတယ်။ force field ရဲ့ ပြင်ပ အနီးတ၀ိုက်က လူတွေကကျတော့ ရေထဲမှာ ပေါ်နေတဲ့ သင်္ဘောအရိပ်ကိုပဲ တွေ့မြင်ရပါတယ်။ အဝေးမှာ ရှိနေသူတွေကတော့ ဘာမှ မမြင်ရပါဘူး။ သင်္ဘောကို ကိုယ်ယောင်ပျောက်နေပါတယ်။
ဆိုးဝါးလှတဲ့ ဖြစ်ရပ်ကတော့ force field ထဲမှာ ရောက်နေတဲ့ ရေတပ်သားတ၀က်ကျော်ဟာ စိတ်ဖောက်ပြန်ရူးသွပ်သွားပါတယ်။ တချို့ကတော့ ကောင်းသလိုလို ဖြစ်နေပေမယ့် သိပ်မကြာခင်မှာပဲ ထူးဆန်းတာတွေ ဖြစ်ပွားလာပါတော့တယ်။ သူတို့တွေ အေးခဲသွားကြပါတယ်။ ပြီးတော့ ပျောက်ကွယ်သွားကြပါတယ်။
ဒီလိုဖြစ်သွားခဲ့ရင် သူ့ရဲ့ လုပ်ဖော်ကိုင်ဖက်တွေက သူပျောက်သွားတဲ့နေရာကို မှတ်ထားပြီး၊ အရေပြားတခုခု (ဥပမာ- လက်၊ မျက်နှာ) စတာတွေကို မှန်းပြီးကိုင်ကြည့်ရပါတယ်။ ဒီတော့မှပဲ ဒီလူတွေက ကမ္ဘာမြေပေါ်ကို ပြန်ရောက်လာသလို ဖြစ်ပါတယ်။ အချိန်မှီ မရောက်ရင်တော့ မီးခိုးလုံးတွေလို ပေါက်ကွဲလွင့်စင်သွားပြီး ထာဝရ ပျောက်ကွယ်သွားပါတယ်။
(၁၃) နှစ်တာ ကာလဖြစ်တဲ့ ခုချိန်မှာတော့ ဒါတွေကို ကြုံခဲ့ရတဲ့ ရေတပ်သားအချို့ပဲ ကျန်ခဲ့ပါတယ်။ အများစုကတော့ ရူးသွပ်နေကြပါတယ်။ တယောက်က သူ့ရဲ့ မိန်းမ၊ ကလေးနဲ့ လုပ်ဖော်ကိုင်ဖက်တွေ ရှေ့မှာပဲ နံရံတွေထဲကို ဖောက်ဝင်ပြီး လမ်းလျှောက်သွားတယ်လို့ ဆိုပါတယ်။ နောက်တော့ သူ့ကို မတွေ့ရတော့ပါဘူး။
တကယ်တော့ Philadelphia စမ်းသပ်ချက်ဟာ အောင်မြင်ခဲ့ပါတယ်။ လူတွေကိုပဲ ဆုံးရှုံးခဲ့ရတာပါ။
Philadelphia မှာထုတ်တဲ့ သတင်းစာထဲက ဒါနဲ့ ပတ်သက်တဲ့ သတင်းတွေကို ပြန်ပြီး ဆန်းစစ်ကြည့်စေလိုပါတယ်။ ဘားမှာ အရက်သောက်ရင်း ပျောက်ကွယ်သွားတဲ့ ရေတပ်သားတွေအကြောင်းကိုလဲ သတင်းထောက်တွေက မှတ်တမ်းတင်ထားခဲ့ကြပါတယ်။ ဘားဆိုင်က စားပွဲထိုး အလုပ်သမတွေဟာ သူတို့ မြင်တွေ့လိုက်ရတာနဲ့ ပတ်သက်ပြီး စကားစမဖော်နိုင်လောက်အောင်ကို ထိတ်လန့်ကြောက်ရွံ့သွား ခဲ့ကြပါတော့တယ်။
စောင့်ကြည့်လေ့လာရေးသင်္ဘောဖြစ်တဲ့ SS Andrew Furnseth သဘောင်္ပေါ်က ရေတပ်သားတွေနဲ့လဲ ပြန်လည်စုံစမ်းလေ့လာကြည့်ပါ။ chief mate က Mowsley ဆိုသူ ဖြစ်ပါတယ်။ ရေတပ်သားတယောက်အမည်ကတော့ Richard Price ဖြစ်ပါတယ်။
(လက်မှတ်ရေးထိုးထား)
Carl M Allen (Z416175)
PS:
(၁) ဒီစမ်းသပ်ချက်ပြီးဆုံးသွားချိန်မှာ ရေတပ်သားတွေ လုံးဝပျောက်ကွယ်သွားလိမ့်မယ်လို့ ရေတပ်က ကြိုတင် မသိခဲ့ပါဘူး။
(၂) force field ကို အသုံးပြုလိုက်ရင် လူတွေ သေဆုံးသွားနိုင်တယ်ဆိုတာကို ရေတပ်က ကြိုတင် မသိခဲ့ပါဘူး။
(၃) ဘာတွေ ဘယ်လိုဖြစ်ကုန်တယ်ဆိုတာ ယနေ့ချိန်ထိ ရေတပ်က မသိသေးပါဘူး။
(၄) ရေတပ်သားတွေဟာ နံရံတွေကိုတောင် ဖောက်ထွက်ကျော်ဖြတ်သွားပြီး၊ ပျောက်ကွယ်သွားနိုင်တယ်ဆိုတာကို ရေတပ်က မသိခဲ့ပါဘူး။
အကြောင်းအရာတခုကိုလဲ ကျွန်တော်ဖော်ပြရဦးမယ်။ Philadelphia dock ကနေ ပျောက်ကွယ်သွားတဲ့ စစ်သင်္ဘောကြီးဟာ စက္ကန့်အနည်းငယ်အတွင်းမှာ Norfolk dock မှာ ပြန်ပြီး ပေါ်လာခဲ့ပါတယ်။ ဒီလိုပေါ်ခဲ့တယ်ဆိုတာကို သေချာအတည်ပြုနိုင်ခဲ့ကြပါတယ်။ ပြီးတော့ ပျောက်ကွယ်သွားပြီး၊ Philadelphia dock မှာ ပြန်ပေါ်လာခဲ့ပြန်ပါတယ်။ ဒါကိုလဲ သတင်းစာတွေမှာ ပါခဲ့ပေမယ့် ဘယ်သတင်းစာတွေဆိုတာကိုတော့ ကျွန်တော် မမှတ်မိတော့ပါဘူး။
Carlos Allende ရဲ့ စာကို ဖတ်ရတာ အူကြောင်ကြောင်နိုင်လှပါတယ်။ ဒါပေမယ့် သေချာစဉ်းစားကြည့်လေလေ၊ ဒီထဲမှာ အမှန်တရားအချို့ ပေါင်းစပ်ပါဝင်နေမယ် ဆိုတာကို ခံစားမိလာလေလေ ဖြစ်လာပါတယ်။
စာရေးသူက Philadelphia စမ်းသပ်ချက်ဟာ anti-gravity နဲ့ ပတ်သက်တဲ့ စမ်းသပ်ချက်အကြောင်း ပြောခဲ့ပါတယ်။ ဒါက အဖိုးပြောပြတဲ့ အကြောင်းအရာတွေနဲ့ တိုက်ဆိုင်နေပါတယ်။ ပြီးတော့ invisibility project အကြောင်းလဲ ဖြစ်နေပါတယ်။ ဒါနဲ့ ပတ်သက်ပြီး တွက်ချက်မှုတွေကို အဖိုးက တွက်ချက်ပေးခဲ့ရတာ ဖြစ်ပါတယ်။
ဒါပေမယ့် သူပြောပြထားတဲ့ ရေတပ်သားတွေနဲ့ ပတ်သက်ပြီး ဖြစ်ပွားခဲ့တာတွေကတော့ ကျွန်မအတွက် အသစ်အဆန်းတွေ ဖြစ်နေပါတယ်။
ဒေါက်တာ Jessup ဆီကို ရောက်ရှိခဲ့တဲ့ ဒီစာကိုသာ ကျွန်မယုံကြည်မယ်ဆိုရင်တော့ ဖြစ်ပွားခဲ့တဲ့ ဘေးထွက်ဆိုးကျိုးတွေက အလွန်ပဲ ကြောက်ဖို့ကောင်းတယ်လို့ ဆိုရမလို ဖြစ်နေပါတယ်။ ဒါကလဲ စစ်ကြီးပြီးသွားတဲ့နောက်ပိုင်းမှာ Townsend Brown ရဲ့ တီထွင်မှုတွေက ရေတပ်က လိုက်လံတားဆီးခဲ့တဲ့ အကြောင်းအရာ ဖြစ်နိုင်ပါတယ်။
လူတွေ သေသွားခဲ့တယ်။ လူတွေ ရူးသွပ်သွားခဲ့တယ်။ လူတွေ နံရံတွေဖြတ်ပြီး လမ်းလျှောက်ခဲ့တယ်။ လူတွေ ပျောက်ဆုံးသွားတယ်။ အဆိုးဆုံးကတော့ လူတွေ ရေခဲတွေဖြစ်သွားတယ်။ ရေခဲဖြစ်သွားသူတွေက အမြင်အာရုံကနေ ပျောက်ကွယ်သွားပေမယ့် အဲဒီနေရာမှာတင် ရှိနေကြတယ်။ သူတို့တွေကို ပြန်မြင်ရဖို့က သူတို့ ရေခဲပြီးပျောက်နေတဲ့နေရာကိုသွားပြီး အရေပြားကို ထိတွေ့နိုင်ဖို့ ကြိုးစားရမယ်။ ဒီလိုမဟုတ်ရင် မီးခိုးတွေနဲ့ ပေါက်ကွဲလွင့်စင်သွားပြီး၊ ထာဝရ ပျောက်ဆုံးသွားတယ်။
နောက်ဆုံးမှာတော့ အဖိုးရဲ့ ညစာက အဆင်သင့်ဖြစ်နေပြီမို့ ဖိုင်ကို ကျွန်မ ပိတ်လိုက်ပါတယ်။ အဖိုးက စားပွဲမှာ ကျွန်မနဲ့ မျက်နှာချင်းဆိုင်ထိုင်ပြီး၊ ခက်ရင်းကို ကောက်ကိုင်ပါတယ်။ ကျွန်မလဲ ဒီအတိုင်းလိုက်လုပ်မိပါတယ်။ ဒါပေမယ့် ဘာလို့လဲ မသိဘူး။ ကျွန်မ စားချင်သောက်ချင်စိတ် မရှိဘူးဖြစ်နေတယ်။
အဖိုးရဲ့ မျက်လုံးတွေက မျက်မှန်ရဲ့ အထက်ကိုကျော်ပြီး ကျွန်မဆီရောက်လာပါတယ်။
" အဖိုးဘာကို ဆိုလိုလဲဆိုတာ သိပြီမဟုတ်လား အဲလစ်။ Philadelphia စမ်းသပ်ချက်ကို စုံစမ်းရုံနဲ့တောင် အန္တရာယ် ရှိနိုင်တယ် ဆိုတာကိုလေ"
ကျွန်မ ခေါင်းညိတ်လိုက်မိပါတယ်။ ကျွန်မရဲ့ နံဖူးပေါ်မှာ အချိန်အတန်ကြာအထိ လက်ဝါးတွေကို ကပ်ထားလိုက်မိပါတယ်။ အဖြစ်အပျက်တွေကို ပြန်စဉ်းစားလိုက်မိတယ်။ အဖိုးကို ပြန်ကြည့်မိချိန်မှာတော့ ကျွန်မရဲ့ မျက်နှာက လေးလေးနက်နက် ဖြစ်နေပါလိမ့်မယ်။
" ဒါပေမယ့် ကျွန်မ ဆက်ပြီး ကြိုးစားချင်သေးတယ်။ ဒီနေရာမှာတင် ကျွန်မ ရပ်မထားလိုက်ချင်ဘူး။ အဖိုးလဲ ဒါတွေအကြောင်းကို သိချင်နေတယ်ဆိုတာ သေချာပါတယ်။ အဖိုးရဲ့ တွက်ချက်ပေးလိုက်မှုတွေဟာ နောက်ဆုံးမှာ ဘာတွေဖြစ်သွားခဲ့တယ်ဆိုတာ အဖိုးကိုယ်တိုင်တောင် မသိလိုက်ရတာပဲ"
အဖိုးက ခဏငြိမ်ပြီး တွေးတောနေဟန်တူပါတယ်။ ပြီးတော့မှ
" မင်းဆက်လုပ်မယ်ဆိုရင် specialist information တွေ အတိုင်းအတာတခုအထိ လိုအပ်တယ်လေ။ ဒါတွေကို ဘယ်လို ရအောင် လုပ်မလဲ"
အဖိုးစကားဆုံးတော့ ကျွန်မလဲ အတွေးကမ္ဘာထဲ နစ်မျောသွားပြန်ပါတယ်။
" ကျွန်မရဲ့ ကွန်ပျူတာတွေကို ကမ္ဘာ့ထိပ်တန်းတက္ကသိုလ်ကြီးတွေနဲ့ ချိတ်ဆက်တဲ့ နည်းလမ်းရှိတယ်။ ဒါကို ကွန်ယက်ချိတ်ဆက်မှု (Network) လို့ ခေါ်တယ်။ တယ်လီဖုန်းလိုင်းတွေကနေ တဆင့် အလုပ်လုပ်တာ"
ကျွန်မပြောနေတာကို ရပ်တန့်လိုက်ပါတယ်။ ပြီးတော့မှ အသံကို နှိမ့်ပြီး
" ကျွန်မကြားတာကတော့ အစိုးရဖိုင်တွေကိုတော့ အဲဒီကနေတဆင့် ဖြတ်ပြီးဖောက်ယူလို့ ရတယ်တဲ့"
အဖိုးက သက်ပြင်းချလိုက်ပါတယ်။
" ဒါပေမယ့် ဘယ်လိုလုပ်ရမယ်ဆိုတာ မင်းမသိဘူး မဟုတ်လား။ ပြီးတော့ ဒါက ကောင်းတဲ့ အိုင်ဒီယာလို့တော့ အဖိုး မထင်ဘူး။ ဘယ်လို အဆုံးသတ်သွားနိုင်တယ်ဆိုတာ မင်းမသိပါဘူး"
အဖိုးရဲ့ စိတ်တွေက သိချင်စိတ်နဲ့ hornet's nest ကို မွှေသလို ဖြစ်သွားမှာ စိုးရိမ်စိတ်တို့အကြားမှာ ရောက်နေတယ်လို့ ကျွန်မ ခံစားလိုက်ရပါတယ်။
"ကျွန်မလေ့လာမှာပေါ့။ ကျွန်မတို့ လုပ်နိုင်ပါတယ် အဖိုးရဲ့။ ဘာတွေဖြစ်ခဲ့တယ်ဆိုတာကို ကျွန်မတို့ ရှာဖွေကြမယ်လေ"
"မဟုတ်ရင်လဲထောင်နံရံတွေထဲမှာ အဆုံးသွားမယ်"
အဖိုးက ဆက်ပြောပါတယ်။
" မဟုတ်ရင်လဲ အစိုးရအေးဂျင့်တွေက တနေ့နေ့မှာ ရောက်လာလိမ့်မယ်"
" ဘာဂရုစိုက်စရာလဲ။ ဒီ risk ကို ကျွန်မယူမယ်လေ"
အဖိုးက ပန်းကန်ထဲက အစားအစာတွေကို ရွှေ့တွန်းနေပါတယ်။
"သူတို့တွေက နေ့ဘက်မှာ လာကြတာမဟုတ်ဘူး။ နံနက်လေးနာရီလောက်မှာမှ လာတတ်ကြတာ။ ဒီအချိန်က လူတယောက်အတွက် အားအနည်းဆုံးဖြစ်နေချိန်လေ"
ဒီအချိန်မှာတော့ အဖိုးက ဒီစုံစမ်းလေ့လာမှုတွေထဲမှာ မပါချင်တော့ဘူးဆိုတာကို ကျွန်မ ရိပ်မိသွားပါတယ်။ ကျွန်မကတော့ အဖိုးကို အတွင်းကျကျ ပါစေချင်ပါတယ်။ ဒါပေမယ့် သူက ဘာဒုက္ခမှ မရောက်ချင်ဘူးဆိုတာကို ရှင်းရှင်းလင်းလင်း ပြောနေပါတယ်။ ဒါကို ကျွန်မလေးစားရပါတယ်။
ဒါပေမယ့် ကျွန်မစဉ်းစားတာကတော့ အဖိုးနဲ့ မတူပါဘူး။ လူငယ်တယောက်ရဲ့ arrogance ဖြစ်မှုလဲ ဖြစ်ပါလိမ့်မယ်။ ကျွန်မဆုံးဖြတ်ပြီးရင် ဘာအရာကမှ ကျွန်မကို တားဆီးနိုင်စွမ်း မရှိပါဘူး။ ပြီးတော့ ကျွန်မက အသက် ဆယ့်ခြောက်နှစ်ရှိပြီလေ။ ဘ၀မှာ ကျွန်မ ဘာကို လိုချင်လဲဆိုတာ ကျွန်မ သိတာပေါ့။ Brown, Jessup, Ladenburg, Einstein တို့ လိုချင်ခဲ့တဲ့အရာတွေနဲ့ အတူတူပါပဲ။ အဲဒါက ဘာလဲဆိုတော့
Knowledge
(ဆက်လက်ဖော်ပြပါမည်)
ရေးသားသူ- Terry Deary
စာအုပ်အမည်- The Philadelphia Experiment
စာအုပ်ထုတ်ဝေသည့်နှစ်- (၁၉၉၆) ခုနှစ်
စာအုပ်အမျိုးအစား- လူငယ်စာပေ
ဘာသာပြန်သူ – ခင်မမမျိုး (၀၈၊ ၀၄၊ ၂၀၁၂)